AUGUST 27
 
ပတ်လည်မှာမြူတွေဝိုင်း
တိမ်မျှင်တို့ ရစ်သိုင်းခြုံ
ကြယ်စင်တချို့ မှိုင်းမှုံလှတဲ့
ဆောင်းတညရဲ့ ကောက်ကြောင်း
အေးစက်စက် လောင်းရိပ်အောက်
သစ်ညိုပင်နောက် အမှောင်မှာ
ငါ တစ်ယောက်တည်း လွမ်းနေတယ်.............

တိမ်ကန့်လန့်ကာနောက်က လမင်း
မြက်ဖျားနှင်းကို ဆင်းသောက်ချိန်
အတိတ်အိမ်အိုရဲ့ အငွေ့အသက်
ကြယ်ကြွေတို့နဲ့အတူ လင်းလက်လို့
ဘ၀ရဲ့ တစ်ဝက်လောက်ထိ
ဝဲလှည့်မိတဲ့ အတွေးရိုင်းတွေ
ရပ်တည်ရာ ရှာမရသေး.............

ချစ်သူရဲ့မျက်နှာ
လမင်းမှာ မြင်ရနိုး
မျှော်ကိုးကာ ညစဉ်ဆက်
မပျက်မကွက် ကြည့်ငေးသူ
အလွမ်းပူ မိနေဆဲပါ.............

မြေပြင်နဲ့လ ထောင့်မှန်ကျနေ
လူခြေလည်းတိတ် နှင်းတွေအိပ်မှ
ကိုယ့်စိတ်ကိုယ် ရေခဲရိုက်
ရှိုက်သံတစ်စုံ ချန်လို့
ရှေ့ဆက်ဖို့ ငါပြန်လာခဲ့တယ်..........................

လင်းလွန်းသျှင်
 
မျှော်လင့်ချက်မပါ
အဖြူသာသက်သက်
အနက်ရှိုင်းဆုံး ချစ်မက်ခြင်း
ငါ့မြစ်တစ်စင်းထက်
မင်းအတွက် အချိန်တိုင်း
မိုး လေ လှိုင်း တို့ကင်း
ငြိမ်သက်ဆင်း ပျော်ရွှင်စေ..................

လင်းလွန်းသျှင်
 
ရင်ထဲက သစ်ခြောက်တစ်ပင်
ဘယ်သူမြင်နိုင်မလဲ ?

ခေါင်းမြီးခြုံထားတဲ့ နာကျင်မှုတွေ
မျက်နှာဖုံးစွပ်ထားတဲ့ ဝေဒနာတွေ
အစားထိုးမရတဲ့ ဆုံးရှုံးခြင်းတွေ
အလွမ်းတွေပဲ စီးဆင်းနေတဲ့ စိတ်ကူးယဉ်မြစ်တွေ
ဒါတွေဟာ.............
ကြည့်သူမရှိတဲ့ ပြတိုက်တစ်ခုပဲ။

တက်ဖို့ ကြိုးစားတိုင်း လျှောလျှောကျနေရလို့
မေ့ဖို့ ကြိုးစားတိုင်း တမ်းတမ်းတမိ။
နောက်ဆုတ်ခွင့် မရှိလို့ ဆက်လျှောက်နေရတာ
ရှေ့ကိုတိုးနေတယ်လို့ ထင်ကြသလား ???

အမြဲတမ်း....
ဟန်ဆောင်ပြုံးတွေ ပြုံးပြကြ
အဆိပ်သင့် လက်တွေနဲ့ ပွေ့ဖက်ကြ
ခေါင်းညိတ်ယင်း လက်ခါပြ
ရင်ထဲက ရှုတ်ချယင်း နှုတ်ဖျားးက ချီးမွမ်း
အမှန်တရားကို ကျောပိုးအိတ်ထဲထည့်
တစ်ယောက်နဲ့ တစ်ယောက် လှည့်ပတ်
အသက်မပါတဲ့ လူအရုပ်တွေ..........

မိတ်ဆွေ.....
အပင်ကြီးလည်း အသီးသေးတာ
အမြင်နီးလည်း ခရီးဝေးတာ
တခါတလေတော့ ဖြစ်တတ်ပါတယ်။

ဒါပေမယ့်
ကိုယ့်ကို ကိုယ် အရိပ်ပေးဖို့တောင်
မတတ်နိုင်တဲ့ အပင်ကိုတော့
ဘယ်သူက စိုက်ချင်မှာလဲ ???

မိုက်နေတဲ့ညတွေ
မလင်း လက်စနဲ့ မှောင်ပါစေလေ...
မြစ်ရေကို ပြောင်းပြန်စီးဖို့မှ မတတ်နိုင်ခဲ့တော့
အတွင်းကြေနေတဲ့ သစ်တစ်ပင်
ငါ့ ရင်ထဲမှာ ဖြစ်ထွန်းနေပြီ.........

ကြေကွဲခြင်း မြေသြဇာ
ဝေဒနာ ရေသောက်မြစ်နဲ့
အနှစ်မပါတဲ့ သစ်ပင်ရဲ့
အထီးကျန်တဲ့ ၀ိညာဉ်
စိမ်းလန်းချင်ဖို့ အခွင့်မရှိ.......တရိရိပေါ့။

ရင်ထဲက သစ်ခြောက်တစ်ပင်
ဘယ်သူမြင်နိုင်မလဲ ?????????????

လင်းလွန်းသျှင်
 
ဘ၀မှာ
ကဗျာလွတ်ကဖို့
လှလှပပ မွေးဖွားခဲ့တယ် ထင်တာ............

ဒါပေမယ့်
မာတိကာ ပါမလာတဲ့
သမိုင်းစာမျက်နှာတွေပဲမို့
ပင်လယ်သေထဲ မျှောပစ်ခဲ့တယ်..............

ဘ၀တလျှောက်လုံးမှာ
ပရမ်းပတာ ဖြစ်တည်ခဲ့တဲ့
ခရမ်းပြာ ရင်ခုန်သံလေးရဲ့
တရံတခါ မျှော်လင့်ခြင်းလည်း
လမင်းနဲ့ အလှမ်းကွာဆဲ..............

မတူးဖော်ပါနဲ့တော့ဗျာ
ရင်ထဲက နောက်ဆုံးလက်ကျန်
အမှန်တရားလေး
ထွက်ပြေးသွားမှာစိုးလို့...................

ဒီလိုနဲ့ပဲပေါ့
ခြေရာမထင်အောင် နင်းလှမ်းခဲ့တဲ့
လာခဲ့ရာလမ်းအတွက်
အတိတ်ကို ကော်ကပ်ပြီး
ပိတ်ပစ်လိုက်တယ်.........................


လင်းလွန်းသျှင်
 
သြဇာသီးတစ်လုံး စားဖူးတယ်
ချိုတဲ့အသားနည်းနည်း အတွက်
လွှင့်ပစ်ရတဲ့ အစေ့ နဲ့ အခွံ ကို နှမြောတယ်
............လူ့သဘာဝပါ.................

နေကာမျက်မှန် တပ်ဖူးတယ်
မျက်စိကို အလင်းမစူးပေမယ့်
လောကတစ်ခုလုံး မှောင်သွားတယ်
.............အတုကြီးမို့ပါ..............

ဂစ်တာတစ်လက် တီးခတ်ဖူးတယ်
ငါ့အတွက် ငြိမ်းချမ်းပေမယ့်
မညီညာတဲ့ သံစဉ်တွေပဲ ရခဲ့တယ်
..............ကြိုးညှိမထားလို့ပါ...........

လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖူးတယ်
နောက်ကျောတော့ မလုံပေမယ့်
မျက်နှာမှာ အပြုံးပွင့်တွေ တင်ခဲ့တယ်
...............အလုပ်သဘောအရပါ............

မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့ဖူးတယ်
ရင်ခုန်ခုန်နဲ့ ရယ်ပြလိုက်တော့
ဦးညွှတ်ပြီး လှည့်ပြန်သွားတယ်
................ငါ့မှာ အစွယ်လေးချောင်းနဲ့မို့ပါ.............

မိန်းမတစ်ယောက်ကို ချစ်ဖူးတယ်
အလွမ်းတွေနဲ့ နာကျင်ခံစားရပေမယ့်
အရာရာကို ပျော်ရွှင်စွာ ကျောခိုင်းခဲ့တယ်
ဘာဖြစ်ဖြစ် ကြည်နူးစွာ ကျေနပ်ခဲ့တယ်
...............ငါ့ ဘ၀ က သူဖြစ်သွားလို့ပါ..................

လင်းလွန်းသျှင်
 
မမြင်ဘူးလို့ မူးကိုမြစ်ထင်တာ
ပင်လယ်မှာ တစ်နေရာစာရှာဖို့
ကျွဲခြေရာခွက်က ခုမှထွက်လာလို့ပါ.....

ကျားပြောင်းလာတဲ့ တောကိုဖြတ်လို့
သူကောင်းဖြစ်ဖို့ ရွာကခွါမိတာ
ဘယ်ပညာရှိကို အပြစ်တင်ရမလဲ.....

တစ်ခုတော့ရှိတယ်
ငါ့အနာဂတ်ကို ဟောခဲ့တဲ့ ဗေဒင်ဆရာတွေ
ကိုယ့်ကိုကိုယ် သတ်သေသွားလေရဲ့..........။

လင်းလွန်းသျှင်
 
အိပ်မက်တွေဖွေးဖွေးလှုပ်ကြွေနေတဲ့
အဆုံးမဲ့ လွင်ပြင်ထဲ
ငါ လျှောက်လှမ်းနေတယ်.....

ငယ်ငယ်ကဆို...
လမင်းကိုမျှော်ယင်း အငိုတိတ်တဲ့ငါ
မင်းမျက်ဝန်းမှာ အကြင်နာရိပ်ရှာယင်း
အဖော်ကင်းတဲ့ ညခင်းများစွာမှာ
ကြယ်ရောင်နဲ့ပဲ လင်းစေခဲ့တယ်
ဝိုးတ၀ါး မင်းရုပ်လွှာရှေ့မှောက်မတော့
ငါ့ရုပ်သေးတွေ ကြိုးပြတ်ပုံကျ
အရူးဘ၀ ရောက်လုနီးနီး
စွဲလမ်းခြင်းကြီးခဲ့တာ
သိဝိမင်းတောင် ရှုံးနိုင်တယ်......

တလောကလုံးမှာ ပန်းတွေပွင့်ကြတယ်
အရပ်ရှစ်မျက်နှာမှာ သက်တံ့တွေလင်းတယ်
ကောင်းကင်မှာ တိမ်တွေစင်တယ်
ဝတ်ရည်တွေ သင်းထုံချိုမြ
လေပြေတွေ တေးဆိုလို့
အိပ်မက်ပျိုတို့ ကကြ
ကြယ်စင်တွေကြား လှလှပပကူးယင်း
လမင်းကို အပျင်းပြေနမ်း
ဗရမ်းဗတာ ပျော်ရွှင်ခဲ့ရ.....

ကြင်နာခြင်းမိုးတိမ်တွေ တဖြိုင်ဖြိုင်ရွာပြို
ရိုမီယိုနဲ့ ဂျူးလိယက်ထက်လွမ်း
ရှင်မွေ့နွန်းနဲ့ မင်းနန်ဒါ
သူတို့ထက်သာတဲ့ စွဲလမ်းခြင်းမျိုးနဲ့
ငါတို့....မြတ်နိုးခဲ့ကြတယ်....

နှစ်လွှာပေါင်းမှ တစ်ရွက်
နှစ်သက်ပေါင်းမှ တစ်ဘ၀နေ
ဖြူလွလွ အချစ်တွေစားသုံး
အမုန်းတရား မပေါ်ဖူးတဲ့လောကတခြမ်းမှာ
အလွမ်းကို ရှောင်ပုန်းယင်း
အပြုံးခြင်းပြိုင်ကြ
ဘ၀ဟာ တစ်လမ်းသွား ပိုင်မယ်ထင်ခဲ့.....

တကယ်တော့.....
စိတ်ကူးနဲ့ လက်တွေ့ခရီးဟာ
ထက်ဝက်က လှီးခံရတဲ့ သံပုရာသီးလို
ဘယ်အခြမ်းမှ မချိုခဲ့ပါလား.......

ပန်းပွင့်တံတား
ဓါးသွားတွေဖြစ်လို့
အက်ဆစ်ခိုးတို့ စဝေချိန်
ငါ့ကောင်းကင်မှာ တိမ်တောက်မနေဘူး.....

မ လေးရေ...၊ မ လေးရေ....
မင်းကိုချစ်ခဲ့တာ မှားတယ်ဆိုရင်
ငါ အမှန်ကို မလိုချင်တော့ဘူး.......

ကွဲကွာဖို့ မတွေးခဲ့ကြပေမယ့်
ခွဲခွါခဲ့ ကြရတယ်
ခွဲ...ခွါ....ခဲ့....ကြ....ရ...တယ်
တကယ်..ဝေးကြပြီ ဆိုတော့လည်း
ဘယ်လိုမှ မနီးနိုင်တော့ဘူးနော်......

တစ်ယောက်က တစ်ယောက်ကို
ချန်ထားရစ်ခဲ့တဲ့ အခါတိုင်း
မျက်ရည်ပင်လယ်ဝေအောင် မငိုကြွေးခဲ့ပေမယ့်
ရင်ထဲမှာ ဆွေးမြည့်စွာကြေကွဲ
အသည်းက ကျောက်ရုပ်ဖြစ်
အချစ်တွေကို ၀ှက်ဖဲလို ထားခဲ့ရတာ
နှင်းပုလဲတွေတောင် အကြိမ်ကြိမ် ခ ရှာပေါ့...

ပိတောက်ကို ကောက်ပိုင်ခွင့်မရတဲ့
ခြင်္သေ့မြို့တော်မှာ
ဟိုးအရင် အချိန်တွေတမ်းတယင်း
မိုးစက်နဲ့ ရင်ခုန်
အချမ်းမလုံလို့ အလွမ်းစောင်ကိုခြုံအိပ်
ချယ်ရီရောင် စိတ်ကူးတွေနဲ့
အတိတ်တွေကို တူးဖော်ဆဲပါ............

ပျော်တယ်ရယ်လို့ တော့မဟုတ်ပါဘူး
ပိတောက်ကို ကောက်ပိုင်ခွင့် မရသေးတော့
ချယ်ရီပင်အောက်ကနေ
စိတ်ကူးနဲ့ ပိတောက်ဖူးတွေ ပွင့်စေခဲ့တာပေါ့.....

ပန်းဝတ်မှုံပုံပြင်ထဲက
လမင်းရဲ့ သမီးတော်လေးရေ...
ငါ့ ချစ်ပင်လယ်မှာ လွမ်းဒီရေတွေ တက်စေခဲ့တာ...
ငါ့ ညကဗျာတိုင်းမှာ အနမ်းလှိုင်းတွေ မှိုင်းဝေစေခဲ့တာ...
ငါ့ သမိုင်းကျောက်စာမှာ အဆွေးရင့်ရင့် ၀ိုင်းစေခဲ့တာ...
ငါ့ မြို့အရိုင်းလေးမှာ နှလုံးသားတံတိုင်း ခတ်စေခဲ့တာ...
ငါ့ နှင်းဆမ်းတဲ့နွေဦးမှာ ခရေဖူးတွေ ကြွေစေခဲ့တာ...
ငါ့ ဆောင်းလယ်အိပ်မက်ထဲမှာ အချစ်နယ်ကျွံစေခဲ့တာ...
မင်းလေးရဲ့
အဘယ်သို့သော တန်ခိုးမျိုးပါလဲ

တကယ်တော့...
ကောင်းကင်ဘုံက လက်တစ်စုံကို မျှော်လင့်မိတယ်
အိပ်မက်တွေ ဖွေးဖွေးလှုပ် ကြွေနေတဲ့
အဆုံးမဲ့ လွင်ပြင်ထဲ
လျှောက်လှမ်းနေဆဲ ငါ့အတွက်..........။.......။

လင်းလွန်းသျှင်
 
လွမ်းဥသြညို လွမ်းတေးဆိုသော
လွမ်းမောစုံညီ လွမ်းရာသီရိပ်
လွမ်းစိတ်အိပ်မက် လွမ်းရက်ဆက်လို့
လွမ်းလက်ချိုးရေ လွမ်းမိုးစွေလူး
လွမ်းဖူးဝေမြဲ လွမ်းလေသည်းခြွေ
လွမ်းမျက်ရည်ဥ လွမ်းခြင်းစုသော်
လွမ်းကဗျာသီ လွမ်းစာစီကုံး
လွမ်းလှိုင်းလုံးဆင့် လွမ်းပွင့်ရင့်မြိုင်
လွမ်းခွင့်ပိုင်သ လွမ်းနေရလည်း
လွမ်းပိုလွမ်းလျှင် လွမ်းနေချင်သည်
သြော် လွမ်းလွန်းလှသျှင် လွမ်းလုလင်................

လင်းလွန်းသျှင်
 
ချစ်သူရေ......
' လွမ်းလိုက်တာ' လို့ တခါရွတ်တိုင်း
ပဲ့တင်သံက လှိုင်းအဖြစ်ရိုက်ခတ်
ပလပ် မြေတွေတောင် ငိုသွားခဲ့.....။

ပြန်မရတော့တဲ့ အတိတ်အတွက်
အိပ်မက်တွေနဲ့ အရေခွံလဲပစ်ရတာ
အချစ်ဟာ...
ဂျိုကာ ရတာတောင် မဒေါင်းနိုင်ခဲ့.....။

နတ်ဒိုးသံနဲ့ ယိုးဒယားကနေရတဲ့ ဘ၀မှာ
ကောင်းကင်ကိုမှ လှမ်းခဲ့တဲ့ ခြေထောက်
အတောင်ပေါက်ရင်တောင်
ရောက်ပါ့မလား မသိ.......။

ငါ....ရတုတပိုဒ်လို ချိုမြိန်ခွင့် ငြင်းပယ်သူ
လွမ်းချင်းတပိုဒ်မှ အချိန်ပိုရလိုက်တော့
နေပျောက်သွားတိုင်း ကျိတ်ရှိုက်မိနေလို့
မျက်ရည်တို့တောင် စည်းချက်ငြိ လက်ရှောင်ကြ....။

ပေးမရ ယူမဖြစ်တဲ့ ဘ၀ခက်ဆစ်
ချစ်သူ့လက်နဲ့ အနက်ဖွင့်ပစ်ချင်တယ်
ဒါပေမယ့်.....
တကိုယ်တော်ကျင်းပတဲ့
ငါ့ရဲ့ ပကာသနမဲ့ပြပွဲကိုတော့
(တကယ်ပါ)
လေ့လာသူအဖြစ်နဲ့တောင် လာမှာစိုးခဲ့.......။

မင်းလေးနဲ့ပတ်သက်ရင်
ငလျင်ဗဟိုချက်က ငါ
သစ်ရွက်တို့ ကြွေကျရင်တောင်
ဆတ်ဆတ်ခါ တုန်လှုပ်ဆဲမို့
လွမ်းမိနစ်တို့ ဖြစ်တည်ရာ
နှစ်ချို့ရက်စွဲတွေ ဖြိုဖျက်ဖို့
မုန်းစကား တစ်လက်သာ လိုချင်တယ်...။       ။

လင်းလွန်းသျှင်
 
အလွမ်းတွေပွင့်ဝေနေတဲ့
နှလုံးသားနှစ်ခုရဲ့
တိတ်တခိုးတွေ့ဆုံချိန်.............
အိပ်မက်တွေ အရည်ပျော်လို့...............။

တစ်ယောက်ရဲ့  အဖော် တစ်ယောက်ကဖြစ်........
တစ်ယောက်ရဲ့  အချစ် တစ်ယောက်ကယူ..........
တစ်ယောက်ရဲ့  အပူ တစ်ယောက်ကဝေမျှ..........
တစ်ယောက်ရဲ့  ဘ၀ တစ်ယောက်ကခံစား.........
တစ်ယောက်ရဲ့  အနား တစ်ယောက်ကခိုဝင်.........
တစ်ယောက်ရဲ့  ရင် တစ်ယောက်ကတိုးဝှေ့........
တစ်ယောက်ရဲ့  အနမ်း တစ်ယောက်ကမှေး.....................။

အနွေးထွေးဆုံးသော ရင်ခုန်သံတွေ၊
အမှန်ကန်ဆုံးသော ချစ်မေတ္တာတွေ၊
အသာယာဆုံးသော ချိုမြိန်မှုတွေ၊
အနူးညံ့ဆုံးသော ပျော်ဝင်ခြင်းတွေ၊
အလင်းလက်ဆုံးသော နှောင်ဖွဲ့  ကြိုးတွေ...............။

တမိုးအောက်မှာ တစ်ယောက်လို့မှတ်ယူ
အတူတူ ဘ၀ကိုရင်ဆိုင်
နှစ်ယောက်ပိုင် တစ်ဘဝ
အမြဲထာဝယ ရယူပိုင်ဆိုင်ခွင့်အတွက်
၁၄ ရက်  ချစ်သူများနေ့
ရှေ့အနာဂတ်တွေ တောက်ပဖို့
တို့ရဲ့ လက်နှစ်ဖက်
တစ်သက်စာ တွဲထားစို့နော်.................။            ။

လင်းလွန်းသျှင်

ကဗျာလေးတွေပါ။