AUGUST 27
 
အိပ်မက်တွေဖွေးဖွေးလှုပ်ကြွေနေတဲ့
အဆုံးမဲ့ လွင်ပြင်ထဲ
ငါ လျှောက်လှမ်းနေတယ်.....

ငယ်ငယ်ကဆို...
လမင်းကိုမျှော်ယင်း အငိုတိတ်တဲ့ငါ
မင်းမျက်ဝန်းမှာ အကြင်နာရိပ်ရှာယင်း
အဖော်ကင်းတဲ့ ညခင်းများစွာမှာ
ကြယ်ရောင်နဲ့ပဲ လင်းစေခဲ့တယ်
ဝိုးတ၀ါး မင်းရုပ်လွှာရှေ့မှောက်မတော့
ငါ့ရုပ်သေးတွေ ကြိုးပြတ်ပုံကျ
အရူးဘ၀ ရောက်လုနီးနီး
စွဲလမ်းခြင်းကြီးခဲ့တာ
သိဝိမင်းတောင် ရှုံးနိုင်တယ်......

တလောကလုံးမှာ ပန်းတွေပွင့်ကြတယ်
အရပ်ရှစ်မျက်နှာမှာ သက်တံ့တွေလင်းတယ်
ကောင်းကင်မှာ တိမ်တွေစင်တယ်
ဝတ်ရည်တွေ သင်းထုံချိုမြ
လေပြေတွေ တေးဆိုလို့
အိပ်မက်ပျိုတို့ ကကြ
ကြယ်စင်တွေကြား လှလှပပကူးယင်း
လမင်းကို အပျင်းပြေနမ်း
ဗရမ်းဗတာ ပျော်ရွှင်ခဲ့ရ.....

ကြင်နာခြင်းမိုးတိမ်တွေ တဖြိုင်ဖြိုင်ရွာပြို
ရိုမီယိုနဲ့ ဂျူးလိယက်ထက်လွမ်း
ရှင်မွေ့နွန်းနဲ့ မင်းနန်ဒါ
သူတို့ထက်သာတဲ့ စွဲလမ်းခြင်းမျိုးနဲ့
ငါတို့....မြတ်နိုးခဲ့ကြတယ်....

နှစ်လွှာပေါင်းမှ တစ်ရွက်
နှစ်သက်ပေါင်းမှ တစ်ဘ၀နေ
ဖြူလွလွ အချစ်တွေစားသုံး
အမုန်းတရား မပေါ်ဖူးတဲ့လောကတခြမ်းမှာ
အလွမ်းကို ရှောင်ပုန်းယင်း
အပြုံးခြင်းပြိုင်ကြ
ဘ၀ဟာ တစ်လမ်းသွား ပိုင်မယ်ထင်ခဲ့.....

တကယ်တော့.....
စိတ်ကူးနဲ့ လက်တွေ့ခရီးဟာ
ထက်ဝက်က လှီးခံရတဲ့ သံပုရာသီးလို
ဘယ်အခြမ်းမှ မချိုခဲ့ပါလား.......

ပန်းပွင့်တံတား
ဓါးသွားတွေဖြစ်လို့
အက်ဆစ်ခိုးတို့ စဝေချိန်
ငါ့ကောင်းကင်မှာ တိမ်တောက်မနေဘူး.....

မ လေးရေ...၊ မ လေးရေ....
မင်းကိုချစ်ခဲ့တာ မှားတယ်ဆိုရင်
ငါ အမှန်ကို မလိုချင်တော့ဘူး.......

ကွဲကွာဖို့ မတွေးခဲ့ကြပေမယ့်
ခွဲခွါခဲ့ ကြရတယ်
ခွဲ...ခွါ....ခဲ့....ကြ....ရ...တယ်
တကယ်..ဝေးကြပြီ ဆိုတော့လည်း
ဘယ်လိုမှ မနီးနိုင်တော့ဘူးနော်......

တစ်ယောက်က တစ်ယောက်ကို
ချန်ထားရစ်ခဲ့တဲ့ အခါတိုင်း
မျက်ရည်ပင်လယ်ဝေအောင် မငိုကြွေးခဲ့ပေမယ့်
ရင်ထဲမှာ ဆွေးမြည့်စွာကြေကွဲ
အသည်းက ကျောက်ရုပ်ဖြစ်
အချစ်တွေကို ၀ှက်ဖဲလို ထားခဲ့ရတာ
နှင်းပုလဲတွေတောင် အကြိမ်ကြိမ် ခ ရှာပေါ့...

ပိတောက်ကို ကောက်ပိုင်ခွင့်မရတဲ့
ခြင်္သေ့မြို့တော်မှာ
ဟိုးအရင် အချိန်တွေတမ်းတယင်း
မိုးစက်နဲ့ ရင်ခုန်
အချမ်းမလုံလို့ အလွမ်းစောင်ကိုခြုံအိပ်
ချယ်ရီရောင် စိတ်ကူးတွေနဲ့
အတိတ်တွေကို တူးဖော်ဆဲပါ............

ပျော်တယ်ရယ်လို့ တော့မဟုတ်ပါဘူး
ပိတောက်ကို ကောက်ပိုင်ခွင့် မရသေးတော့
ချယ်ရီပင်အောက်ကနေ
စိတ်ကူးနဲ့ ပိတောက်ဖူးတွေ ပွင့်စေခဲ့တာပေါ့.....

ပန်းဝတ်မှုံပုံပြင်ထဲက
လမင်းရဲ့ သမီးတော်လေးရေ...
ငါ့ ချစ်ပင်လယ်မှာ လွမ်းဒီရေတွေ တက်စေခဲ့တာ...
ငါ့ ညကဗျာတိုင်းမှာ အနမ်းလှိုင်းတွေ မှိုင်းဝေစေခဲ့တာ...
ငါ့ သမိုင်းကျောက်စာမှာ အဆွေးရင့်ရင့် ၀ိုင်းစေခဲ့တာ...
ငါ့ မြို့အရိုင်းလေးမှာ နှလုံးသားတံတိုင်း ခတ်စေခဲ့တာ...
ငါ့ နှင်းဆမ်းတဲ့နွေဦးမှာ ခရေဖူးတွေ ကြွေစေခဲ့တာ...
ငါ့ ဆောင်းလယ်အိပ်မက်ထဲမှာ အချစ်နယ်ကျွံစေခဲ့တာ...
မင်းလေးရဲ့
အဘယ်သို့သော တန်ခိုးမျိုးပါလဲ

တကယ်တော့...
ကောင်းကင်ဘုံက လက်တစ်စုံကို မျှော်လင့်မိတယ်
အိပ်မက်တွေ ဖွေးဖွေးလှုပ် ကြွေနေတဲ့
အဆုံးမဲ့ လွင်ပြင်ထဲ
လျှောက်လှမ်းနေဆဲ ငါ့အတွက်..........။.......။

လင်းလွန်းသျှင်

ကဗျာလေးတွေပါ။