AUGUST 27
 
လနှစ်ချောင်းငင် လူတဲ့
ဟိုနား ဒီနား ပြုတ်ကျကျန်တဲ့
အတိတ်တွေနဲ့ လူလား !

ခဏခဏ ကောက်ကောက်ထည့်သွားရတဲ့
အနာဂတ်အတွက် လူလား
!

အိပ်မက်အသီးတွေကို ခူးဆွတ်စားသုံးဖို့
ပစ္စုပ္ပန်သစ်ပင်ကို စိုက်ချင်တဲ့ လူလား
!

ဒါမှမဟုတ် . . . . .
လု ဖို့အတွက်
(နေရာ တော်တော်များများကို ပြောတာပါ)
လူဖြစ်ချင်တဲ့
လူးတစ်ကောင်လား။

မင်းမင်း
 
တံလျှပ်မှန်းသိတာတောင် ငါပြေးသွားခဲ့တယ်
ရေ အတွက်တော့ မဟုတ်ဘူး

ကြိုးကွင်းမှန်းသိလျက်နဲ့လည်း  ခြေတဖက်နင်းခဲ့တယ်
ဒုက္ခကို ခင်လို့တော့ မဟုတ်ဘူး

မနိုင်တော့မှန်းသိတာတောင် ငါ ထမ်းထားခဲ့တယ်
သူရဲကောင်းဆန်ချင်လို့တော့ မဟုတ်ဘူ
မလင်းလက်နိုင်မှန်းသိလျက်နဲ့လည်း  ငါပွတ်တိုက်ခဲ့တယ်
အလှ မက်လို့တော့ မဟုတ်ဘူး

လန့်နိုးမယ်မှန်းသိတာတောင် ငါအိပ်မက်ခဲ့တယ်
ခဏအပျော် အတွက်တော့ မဟုတ်ဘူး

နှစ်သိမ့်မှုမှန်း သိလျက်နဲ့လည်း ငါကျေနပ်ခဲ့တယ်
ရမ္မက် အတွက်တော့ မဟုတ်ဘူး

ဒရက်ကူလာ မှန်းသိတာတောင် ငါလည်ချင်းဖက်ခဲ့တယ်
အသက်အပိုပါ လို့တော့ မဟုတ်ဘူး

ရနံ့ပြယ်မှန်း သိလျက်နဲလည်း ခူးယူထားခဲ့တယ်
လမ်းသင့်လို့တော့ မဟုတ်ဘူး

အဆုံးမရှိမှန်း သိတာတောင် ငါဆက်လျှောက်ခဲ့တယ်
ရှေ့ရောက်ချင်လို့တော့ မဟုတ်ဘူး

သုညမှာဆုံးမယ်မှန်း သိလျက်နဲ့လည်း ကိန်းတွေဆက်ရေးခဲ့တယ်
သင်္ချာအတွက်တော့ မဟုတ်ဘူး

ကိုယ်တိုင်ပဲသိတဲ့ နားလည်ခြင်းအတွက်
အရင်းများလွန်းတဲ့ ပေးဆပ်မှုတွေ
ငါ့ရင်ဘတ်ကို ခြေစုံကန်လေမှ
အတိတ် နဲ့ အနာဂတ် ကို ပေါင်းစပ်ပြီး
ငါ...... ဘာသာပြန်ကြည့်မယ်။   ။

လင်းလွန်းသျှင်
 
ဘ၀ရေ......
အလိုက်သိတတ်ခြင်းပညာနဲ့
လူယောင်ဖန်ဆင်းပြရင်
မင်းသားဘ၀ ချက်ချင်းဖြစ်ရောလား...။
ငါ့အတွက်တော့
ရင်ထဲမှာ နေဆယ်စင်းထွန်းလင်းနေပေမယ့်
မျက်နှာက လမင်းတရာ သာပြနေရတယ်
ကိုယ့်အဖြစ်နဲ့ နှိုင်းစာမိရင်းမှ
ပုဂံရောက် မနူဟာမင်းကို
ကိုယ်ချင်းစာမိတယ်....။

ဘ၀ရေ...
ပွဲသိမ်းအနိုင်ဂိုးသွင်းပြီးကာမှ
စည်းကြပ်ဒိုင်က အလံထောင်ပြ
လူကျွံဘော အဖြစ်နဲ့
ပြုံးမရ  ငိုမရ....။

ဘ၀ရေ....
ထီပေါက်ပြီး လက်မှတ်ပျောက်ခဲ့
အ အ မက်တဲ့ အိပ်မက်
ကံကြမ္မာရဲ့  လှလှပပ ရိုက်ချက်
ရှိုက်သံကို ရင်ဘတ်ထဲ မျိုချ.....။
ငါ့အတွက်တော့
တောင်ထိပ်က သိပ်မက်မောတဲ့ အရိပ်
စိတ်ကူးနဲ့ လက်တွေ့ခရီး
တခြမ်းပဲ ချိုတဲ့ သံပုရာသီးလို
မနီးစပ်နိုင်သေး......။

ဘ၀ရေ
အကြောင်းကြောင်းတွေကြောင့်
အကျိုးကျိုးတွေ ဖြစ်တယ်ဆိုရင်
အဖိုး ကြီးကြီးပေးဆပ်ခဲ့တဲ့
ငါ့အပြစ်ပေါ့.....။
ငါ့အတွက်တော့
ဂူအောင်းနေတဲ့ကျားလည်း မြားမှန်ခံရတတ်တယ်
လက်တွေ့  နယ်ပယ်က သင်ခန်းစာနဲ့
မဲ့ပြုံး စကားလုံးများစွာကို
ဥပေက္ခာ တရား ထားလိုက်တယ်....။

ဘ၀ရေ...
နားလည်မှုဆိုတဲ့အရာဟာ
ဘာသာပြန်မှားနေသရွေ့
ကွေ့ရှောင်မရတဲ့လမ်း
ကြမ်းတမ်း နေမှာပဲလား . . . ?

လင်းလွန်းသျှင်
 
ချစ်သူရေ.....
မင်းအလိုရှိရင်
ငရဲကို ပန်းခင်းအဖြစ်ပြောင်းနှင့်ဖို့
ငါ အမြဲ အသင့်ရှိနေတယ်.....။

ဒါပေမယ့်
ငါ့ကျားလျှာလက်ထဲမှာ
ဝါဂွမ်းပွင့် ဘ၀လေး
ကြေပျက်လွင့် နိုးနိုးနဲ့
အရိပ်ပဲ မိုးပေးခဲ့တာ....။

အနမ်းတရှိုက်ကို
မိုက်မိုက်မဲမဲ ဆာလောင်
သွေးယောင်ဆောင် နှုတ်ခမ်း
ငါ့ အတိတ်ရဲ့  ကြမ်းတမ်းခြင်းအောက်
လင်း...မှိုင်း...စွာ  နစ်ပျောက်ခဲ့......။

အနောက်က နေ ထွက်တာမဟုတ်ဘူး
ဘ၀မှာ အနောက် အရပ်တမျိုးပဲ
တန်ဖိုးမဲ့ တိုက်ဆိုင်နေတာ
သံလိုက်တွေလည်း မှားကောင်းဆဲ
သုံးချက်ညီစွာ လမ်းခွဲလို့
အသည်းကို ရထားကြိတ်ခံခဲ့တယ် ။    ။

လင်းလွန်းသျှင်
 
ငါ့ဘ၀ရဲ့  ကြယ်ရံလတစ်စင်း
ဂရင်းနစ်မျဉ်းပေါ် ကြွေကျချိန်
အီကွေတာပေါ်က နှလုံးသား
မိုးခေါင်တာတောင် ရေရှားခဲ့ပေါ့ ........။

တကယ်တော့
နတ်ဘုံက ချစ်သူကို
သာမန်ထက်မပိုတဲ့ လက်နဲ့
အသက်ဆက်ပေးဖို့ ကြိုးစားတာ
ကမ္ဘာတွင်မယ့် အမှားတရပ်ပဲလား .........

တခုပဲတောင်းပန်ချင်တယ်
ငါ့ဝင်ရိုးပေါ်က ပြုတ်ကျခဲ့ရင်တောင်
မင်းရဲ့ ဆွဲငင်အားတွေကို
ရုပ်သိမ်းထားဖို့ပါ
အမှားနှစ်ခါ ပြုလို့
အမှန်တစ်ခု မရဘူးလေ ....... ။       ။

လင်းလွန်းသျှင်

ကဗျာလေးတွေပါ။