ငါ ဗျည်းသရတွေကိုငေးကြည့်တော့
တောင်တန်းကြီးက အရမ်းလှတာပဲ
လေတွေကလည်း သန့်ရှင်းလို့
မြစ်ချောင်းတွေကတော့ နက်နက်ရှိုင်းရှိုင်း စီးဆင်းနေလိုက်တာ
သူတို့ အတွက်တော့ အရာအားလုံးဟာ တပ်မက်ဖွယ်တစ်ခုပေါ့
ပြီးတော့ . . . . .
အရာအားလုံးဟာ အပြစ်ပြောစရာမရှိဘူး
မြက်တွေကလည်း စိမ်းလန်းလို့
ထူးခြားဆန်းပြားတဲ့ ငှက်တွေကလည်း တ၀ီဝီပြန်သန်း
ဘ၀တွေကို မသိကျိုးကျွန်ပြုလို့ပေါ့
အရာအားလုံးက ပျော်ရွှင်စွာနဲ့
တချို့ . . . . . အရာတွေကတော့ ပူလောင်လို့ပေါ့
တချို့ က . . . .
သဘာဝက ရှုခင်းတွေကိုလည်း
ခမ်းခမ်းနားနား ကာထားတယ်
ပုံမှန်ကတော့ ဘာမှမရှိပါဘူး
တချို့ကတော့ အတိုင်းအဆမရှိ တန်ဖိုးကြီးမားလို့
တချို့ကတော့ ငြိမ်းချမ်းရေးအတွက်ပေါ့
တစ်ယောက်တည်းနဲ့တော့ ရန်ဖြစ်လို့မရဘူးလေ
ဒါဟာ ဘ၀အမှန်ပေါ့
ကမ္ဘာမြေနဲ့ သတ္တ၀ါတွေက ပြောတယ်
အရာအားလုံးက မြေပြင်လိုပဲ ပြိုင်ဘက်ကင်းကြပါတယ်။
ကောင်းကင်းပြာဟာ အပျိုစင်ပေါ့
လောလောဆယ် . . .
မြေပြင်အသက်ရှင်ဘို့ ရေတွေပေးနေရတယ် ။
မင်းမင်း
နံနက်တုန်းက
ငါပင်လယ်ထဲ ကွန်ပစ်ချလိုက်တယ်။
ပြီးတော့ . . .
အမှောင်ချောက်ထဲက
အထူးအဆန်း အသွင်အမျိုးမျိုးနဲ့
အဆန်းတကြယ် အလှအပတွေကို
စွဲ . . . . . တင် . . . . . ခဲ့
တချို့ က . . .
အပြုံးကလေးလို တောက်တောက်ပပ
တချို့ က . . .
မျက်ရည်စက်ကလေးလို ရွှန်းရွှန်းလဲ့လဲ့
တချို့ က . . .
သတို့သမီးပါးပြင်လို ရှက်သွေးဖြာလို့
နေရဲ့ ၀န်ထုပါနဲ့ အတူ
(ငါ) အိမ်ပြန်လာတယ်။
(ငါ့) ချစ်သူဟာ
ဥယျာဉ်ထဲမှာ ထိုင်လို့
ပျင်းပျင်းရိရိနဲ့
ပန်းကလေးတွေ ချေမွလို့နေတယ်။
ပြီးတော့ ရလာသမျှ သူ့ခြေရင်းမှာ ထားလိုက်တယ်
သူက တစ်ချက်ကြည့်ပြီး
“ဘယ်လိုဟာတွေလဲကွယ်၊ ဒါတွေ ဘာလုပ်ရမှာလဲ”
ရှက်ရွန့်စွာနဲ့ ခေါင်းငိုက်စိုက်ချရင်း
စဉ်းစားမိတယ်။
ဒါတွေကို ငါတိုက်ခိုက်ပြီး ယူလာတာ မဟုတ်ဘူး
ဈေးက ၀ယ်လာတာ မဟုတ်ဘူး
ဒီလက်ဆောင်တွေဟာ သူ့အတွက် မသင့်တော်ပါလား . . . .။
တညလုံးပါပဲ
တခုပြီး တခု
လမ်းမပေါ် လွှင့်ပစ်နေခဲ့တယ်။
နံနက်ခင်းမှာ
ခရီးသွားတွေ လာကြတယ်
ငါ လွှင့်ပစ်ထားတာတွေ ကောက်ယူပြီး
အဝေးက တိုင်းပြည်တွေဆီ
သယ်ဆောင်သွားကြတယ်။
မင်းမင်း
၂၆-၀၉-Y2K
၀၀း၃၄
ဟမ်ဘာဂါကို စားရင်း
ပတ်ဝန်းကျင်၊ ဓမ္မနှင့် မိမိကိုယ်တိုင်
သစ်ခွပင်များကြား ထိုင်ပြီး
မြသန်းတင့်ရဲ့ CD-ROM ကို
လွန်းကျင်းများရဲ့ သီအိုရီ အပိုင်းအစထဲထည့်
ရေဒီယိုနဲ့ မိုးတိမ်များအကြောင်း
သစ်ခွဖျော်ရည် တစ်ခွက်သောက်ရင်း
အိမ်ကလေးရဲ့ အကြောင်း စဉ်းစား
အိမ်ကလေး(၂) မှာ
ဆံပင်ညှပ်ခြင်းရဲ့ အကြောင်းကို
မေ့ခြင်းသစ်ပင်များနဲ့ အစားထိုး
အင်ပရယ်ရှင်နစ်ဇင် အိပ်မက်ရဲ့ အပိုင်းအစအဖြစ်
မြောက်ဘက်မြင်းများနဲ့
မနက်ဖြန်၏ မနက်ခင်းများအကြောင်းကို
အေးစက်စက် ကုမ်ရာသီ တစ်ခွက်သောက်ရင်း
ဥာဏ်ရည်ကိန်းလျော့ ကြွက်တစ်ကောင်က
ရှပ်ဒိုးများနဲ့ တိတ်ဆိတ်လှည်းများကို ကိုက်ဖောက်
ရန္တပိုအိုးကလေး အေးပါဘိနဲ့
ဟိမ၀န္တာ တမ်းချင်းကို ဖတ်ရင်း
အသေရဲသူများကြောင့်
ပိတောက်ပွင့်တဲ့ ရာသီတစ်ဝက်လုံးလုံး
ရွှေမန္တလေး . . . ဝေးဝေး ၊ သင်္ကြန် ဝေးဝေးနဲ့
ဆောင်းခိုငှက်၊ ဆောင်းပွင့်နှင့်
စကားဝါပင်အောက်က တစ္ဆေတွေဖြစ်လို့ပေါ့။
မင်းမင်း
“အိုင်ဒီယာအက်ဆေးများ (နေ၀င်းမြင့်) ၏ မာတိကာကို ပြန်ရေးသည်။”
အေဒီ ၃၁၀၈ လူသားတို့သတ်မှတ်တဲ့
ထောင်စုသစ်ရဲ့ သက္ကရာဇ် တစ်ခုပေါ့...။
အဲဒိနှစ်တို့မှာ မီးရောင်နဲ့ မလင်းဘူး
ချစ်ခြင်းတရားနဲ့ ထွန်းပလိမ့်မယ်။
အဲဒိနှစ်တို့မှာ နေ ဆိုတာမရှိဘူး
နေ့ရောညပါ လ ပဲသာလိမ့်မယ်။
အဲဒိနှစ်တို့မှာ ချစ်သူတိုင်းပေါင်းဆုံနိုင်ကြမြဲမို့
အသည်းကွဲခြင်းဟာ
ကျောင်းသင်ခန်းစာ ဖြစ်လိမ့်မယ်။
အဲဒိနှစ်တို့မှာ ဝေးကွာခြင်းဆိုတာ မကြုံရဘူး
စကြ၀ဠာတံတိုင်း ဟိုဘက်ထိ
အိပ်မက်တို့ ထုတ်လွှင့်နိုင်မယ်။
အဲဒိနှစ်တို့မှာ သစ္စာကို ရင်မှာမြှုပ်နှံကြလို့
အလွမ်းဆိုတာ ငွေနဲ့ ဖန်တီးယူရလိမ့်မယ်။
အဲဒိနှစ်တို့မှာ ဒုက္ခကို လှလှပပ သဂြိုင်္ဟ်လိုက်ကြပြီး
သောကကို အဝေးဆုံးတနေရာ ပို့ထားနိုင်မယ်။
အဲဒိနှစ်တို့မှာ ပြက္ခဒိန် မရှိဘူး...
နာရီ မရှိဘူး....။
ညူးကလိယား မရှိဘူး...
တိုက်တေနီယမ် မရှိဘူး...။
နေတိုး မရှိဘူး...
ကုလသမဂ္ဂ မရှိဘူး...။
နိုက်ကလပ် မရှိဘူး...
သုဿာန် မရှိဘူး...။
အဲဒိနှစ်တို့မှာ အရာအားလုံးဟာ မေတ္တာနဲ့ပြည့်စုံလို့ လူတို့ဟာ ထာဝရ အသက်ရှည်ကြမယ်...။
ဒါပေမယ့်.....
ဒီအဖြစ်တွေဟာ
အဲဒိနှစ်တို့မှာ ပေါ်ပေါက်လာတာဟာ
ကမ္ဘာဂြိုဟ်မှာတော့ မဟုတ်ဘူး..။..။
လင်းလွန်းသျှင်
မပိုင်ဆိုင်ခြင်းကို
စာရင်းလုပ်တဲ့အခါ
အချစ်က နံပါတ်တစ်နေရာကိုယူတယ်....။
နံပါတ် (၂)..........
နံပါတ် (၃).............
နံပါတ် (၄).................
နံပါတ်ပေါင်းများစွာ....
များစွာ.. ....ဖြတ်ကျော်လာမှ
နောက်ဆုံး နံပါတ်ကျ
ငါ့ အမည် ငါပြန်ရေးရ....။
အင်း........
ပိုင်ဆိုင်မှုကို
စာရင်းပြုတဲ့ အခါမှာတော့
စာရွက်ဟာ ဗလာဖြစ်နေခဲ့!!!!
လင်းလွန်းသျှင်
အနားကွပ်ဗရပွ ဖွာရာကြဲနေတဲ့
ခြေကျင်လျှောက် မိုးတိမ်တွေအတွက်
အချိုးတ၀က်ညီ ပုံစံခွက်အပြည့်
ရောင်စဉ်မဲ့ ငြိမ်သက်ခြင်းတို့
ပက်ဖျန်းချ...........။
အလဲလဲအပြိုပြို ရပ်တည်နေကြတဲ့
သက်ရှိသက်မဲ့အားလုံး
အနာဂတ်ရဲ့ ခြေရင်းမှာ ၀ပ်စင်းလို့
အလျားမဲ့ ရောင့်ရဲခြင်းတို့
လက်ပျဉ်းကျ...........။
ခရမ်းလွန်ရောင်ခြည်ရိုင်းတို့
ငါ့ဝန်းကျင်မှာ ဒုန်းစိုင်းကြလော့..........။
ဟိုက်ဒရိုဂျင်နှစ်ဆနဲ့
အောက်ဆီဂျင်တစ်ဆ
ငါ့ဘ၀ တံစဉ်သွားကို
ဆေးထားကြလော့....။
ဗီတာမင်ချို့ တဲ့လို့
မလင်းလက်နိုင်တဲ့ အခါကျရင်
ငါ့ ကောင်းကင်သက်တန့်ကို
ခါးလယ်ကကျိုးအောင် အစိပ်စိပ်ရိုက်ချိုးလိုက်ပါ......။
နှင်းဆီပြာပြာတွေ
သေသွားတဲ့နေ့မှာ
ဥပေက္ခာတရားကို
ဖွားဖက်တော်အဖြစ်
ထားရစ်ခဲ့မယ်.....။
ပေါ့ပေါ့လေးတွေးလို့
ကောင်းကင်ထက်တက်လာခဲ့တဲ့
လမင်းလေးကတော့
အရာမရောက်ခြင်းဂဏန်းတွေပဲ တပ်ဆင်လို့
နှောင်ဖွဲ့ ခြင်း ၀ပ်ကျင်းထဲမှာ
သံသရာတစ်စက်နဲ့
အိပ်မက်တွေ ဖျားနေခဲ့ရ..........။
သွားချင်ရာသွားမယ်
ငါ.....
ခြေရာတော့ မချန်ချင်ဘူး...။..။
လင်းလွန်းသျှင်
အဟောင်းနဲ့အသစ်
သက္ကရာဇ်နှစ်ခု
အားပြိုင်မှုရဲ့ အစ
၃၁ ဒီဇင်ဘာည
ပထမ နဲ့ နောက်ဆုံး အကြိမ်
သန်းခေါင်ယံ အချိန် နှုတ်ဆက်ခြင်း
တိတ်ဆိတ်မှုတွေ အသက်ကင်းပ...။
တံတားခင်းပေးနေတဲ့ လရောင်မှာ
ငါ့တောင်ပံတွေ ဖြန့်ကြည့်လို့
အမာရွတ်တချို့ တွေ့ရတော့မှ
အသိုက်က ခွာခဲ့တာ သတိရတယ်....။
တကယ်ဆို....
ဗီဇကို ပါမလာတဲ့ မျိုးစေ့မို့
ဒီညလည်း မတောက်ပနိုင်ပြန်ဘူး.....။
ဒါပေမယ့်...
နှစ်တစ်နှစ်ရဲ့ ခြေဆင်းညပဲမို့
ဝမ်းနည်းစွာနဲ့ ပျော်ရွှင်ခဲ့တယ်
ငြိမ်းချမ်းစွာနဲ့ ရုန်းကန်ခဲ့တယ်
မေ့လျော့စွာနဲ့ လွမ်းနေခဲ့တယ်
ဒဏ်ရာမဲ့စွာနဲ့ နာကျင်ခဲ့တယ်....။
အဲ..ယုံကြည်ခြင်းတွေကိုတော့
ယုံကြည်စွာနဲ့ ယုံကြည်ခဲ့တာပေါ့.....
ရှေ့သက္ကရာဇ်က
ငါ့အနာဂတ်ကို ပြင်ဆင်ခွင့်ကျလာမယ့်
ပျံသန်းခြင်းနှစ်ပေါ့....။...။
လင်းလွန်းသျှင်
ရက်စွဲတွေရဲ့ တိုက်စားခြင်းမြစ်ကျဉ်းထဲမှာ
ပစ္စုပ္ပာန်မဲ့ ဗေဒါတစ်ပွင့်
ကမ်းနှစ်ဖက်ကို တမ်းမက်စွာ လှမ်းအကြည့်
လောကဓံ ရေအတိကြား
ပျင်းရိခြင်း အသွယ်သွယ် ပွင့်အာလို့
မျောပါပြီးယင်း မျောပါ........။
ဆန်တက်နေတာလား.....?
စုန်ဆင်းနေတာလား......?
ကိုယ့်ဘာသာကိုယ် ပြန်မေးမိ
အဖြေမရှိတဲ့အတွက်
ငါဟဲ့!! လို့အားခဲ
ကမ်းနားကို ကပ်မယ်ပြင်ပေမယ့်
ဝဲဂယက်တွေထဲက
ရုန်းမှ မထွက်နိုင်တာ....။ .....။
လင်းလွန်းသျှင်
အတိတ်ကျောက်ဆောင်တို့ကြွေ
လောကဓံလှိုင်းပွင့်တွေ လူးခတ်
ငါ ဘယ်လိုကူးဖြတ်ခဲ့ရလဲ??
သူရဲကောင်း ထင်မှာစိုးတာနဲ့
ပြောမပြခဲ့ဘူး...။
အရှင်းဆုံးပုံစံနဲ့ပြရရင်
ငါကျခဲ့တဲ့ချောက်
ကောင်းကင်ဘုံပျောက်ဆုံးခဲ့.....။
လုံးဝကိုပြန်မရတဲ့
စတေးခံ လွတ်လပ်ခြင်း
လကြတ်ယင်းနေကွယ်
အမှောင်တွေပဲနွယ်တုန်း.......။
အ၀ိစိမှာပွင့်တဲ့ပန်းက
နတ်နန်းတံခါးခေါက်ခွင့်ရဖို့
ကြမ္မာဝန်ထုပ်ထမ်းပြတာ
ဘ၀ဟာကျွဲပခုံးထလာခဲ့........။
ငါ့အနာဂတ်ကို
ကတ္တရာ မခင်းတော့ဘူး
ကိုယ်မှ မနင်းရတာ.......။
လင်းလွန်းသျှင်
လမ်းမှားကိုလျှောက်တိုင်း
ချောက်တွေ့ရမယ်လို့
ငါမယုံဘူး...။
သွားလေရာမှာမိုးရွာတိုင်း
ကံဆိုးတယ်လို့
မျက်ရည်ဝိုင်းရမှာလား....။
အလံဆိုတာ
ထောင်ပြီးတည်းက
လှဲဖို့မှ မဟုတ်ဘဲကွယ်....။
အနည်းဆုံးတော့
ရွက်ပုန်းသီးဘ၀က
လေးဂွရန်ကင်းတာပေါ့....။
လင်းလွန်းသျှင်