မပိုင်ဆိုင်ခြင်းကို
စာရင်းလုပ်တဲ့အခါ
အချစ်က နံပါတ်တစ်နေရာကိုယူတယ်....။
နံပါတ် (၂)..........
နံပါတ် (၃).............
နံပါတ် (၄).................
နံပါတ်ပေါင်းများစွာ....
များစွာ.. ....ဖြတ်ကျော်လာမှ
နောက်ဆုံး နံပါတ်ကျ
ငါ့ အမည် ငါပြန်ရေးရ....။
အင်း........
ပိုင်ဆိုင်မှုကို
စာရင်းပြုတဲ့ အခါမှာတော့
စာရွက်ဟာ ဗလာဖြစ်နေခဲ့!!!!
လင်းလွန်းသျှင်
အနားကွပ်ဗရပွ ဖွာရာကြဲနေတဲ့
ခြေကျင်လျှောက် မိုးတိမ်တွေအတွက်
အချိုးတ၀က်ညီ ပုံစံခွက်အပြည့်
ရောင်စဉ်မဲ့ ငြိမ်သက်ခြင်းတို့
ပက်ဖျန်းချ...........။
အလဲလဲအပြိုပြို ရပ်တည်နေကြတဲ့
သက်ရှိသက်မဲ့အားလုံး
အနာဂတ်ရဲ့ ခြေရင်းမှာ ၀ပ်စင်းလို့
အလျားမဲ့ ရောင့်ရဲခြင်းတို့
လက်ပျဉ်းကျ...........။
ခရမ်းလွန်ရောင်ခြည်ရိုင်းတို့
ငါ့ဝန်းကျင်မှာ ဒုန်းစိုင်းကြလော့..........။
ဟိုက်ဒရိုဂျင်နှစ်ဆနဲ့
အောက်ဆီဂျင်တစ်ဆ
ငါ့ဘ၀ တံစဉ်သွားကို
ဆေးထားကြလော့....။
ဗီတာမင်ချို့ တဲ့လို့
မလင်းလက်နိုင်တဲ့ အခါကျရင်
ငါ့ ကောင်းကင်သက်တန့်ကို
ခါးလယ်ကကျိုးအောင် အစိပ်စိပ်ရိုက်ချိုးလိုက်ပါ......။
နှင်းဆီပြာပြာတွေ
သေသွားတဲ့နေ့မှာ
ဥပေက္ခာတရားကို
ဖွားဖက်တော်အဖြစ်
ထားရစ်ခဲ့မယ်.....။
ပေါ့ပေါ့လေးတွေးလို့
ကောင်းကင်ထက်တက်လာခဲ့တဲ့
လမင်းလေးကတော့
အရာမရောက်ခြင်းဂဏန်းတွေပဲ တပ်ဆင်လို့
နှောင်ဖွဲ့ ခြင်း ၀ပ်ကျင်းထဲမှာ
သံသရာတစ်စက်နဲ့
အိပ်မက်တွေ ဖျားနေခဲ့ရ..........။
သွားချင်ရာသွားမယ်
ငါ.....
ခြေရာတော့ မချန်ချင်ဘူး...။..။
လင်းလွန်းသျှင်
အဟောင်းနဲ့အသစ်
သက္ကရာဇ်နှစ်ခု
အားပြိုင်မှုရဲ့ အစ
၃၁ ဒီဇင်ဘာည
ပထမ နဲ့ နောက်ဆုံး အကြိမ်
သန်းခေါင်ယံ အချိန် နှုတ်ဆက်ခြင်း
တိတ်ဆိတ်မှုတွေ အသက်ကင်းပ...။
တံတားခင်းပေးနေတဲ့ လရောင်မှာ
ငါ့တောင်ပံတွေ ဖြန့်ကြည့်လို့
အမာရွတ်တချို့ တွေ့ရတော့မှ
အသိုက်က ခွာခဲ့တာ သတိရတယ်....။
တကယ်ဆို....
ဗီဇကို ပါမလာတဲ့ မျိုးစေ့မို့
ဒီညလည်း မတောက်ပနိုင်ပြန်ဘူး.....။
ဒါပေမယ့်...
နှစ်တစ်နှစ်ရဲ့ ခြေဆင်းညပဲမို့
ဝမ်းနည်းစွာနဲ့ ပျော်ရွှင်ခဲ့တယ်
ငြိမ်းချမ်းစွာနဲ့ ရုန်းကန်ခဲ့တယ်
မေ့လျော့စွာနဲ့ လွမ်းနေခဲ့တယ်
ဒဏ်ရာမဲ့စွာနဲ့ နာကျင်ခဲ့တယ်....။
အဲ..ယုံကြည်ခြင်းတွေကိုတော့
ယုံကြည်စွာနဲ့ ယုံကြည်ခဲ့တာပေါ့.....
ရှေ့သက္ကရာဇ်က
ငါ့အနာဂတ်ကို ပြင်ဆင်ခွင့်ကျလာမယ့်
ပျံသန်းခြင်းနှစ်ပေါ့....။...။
လင်းလွန်းသျှင်
ရက်စွဲတွေရဲ့ တိုက်စားခြင်းမြစ်ကျဉ်းထဲမှာ
ပစ္စုပ္ပာန်မဲ့ ဗေဒါတစ်ပွင့်
ကမ်းနှစ်ဖက်ကို တမ်းမက်စွာ လှမ်းအကြည့်
လောကဓံ ရေအတိကြား
ပျင်းရိခြင်း အသွယ်သွယ် ပွင့်အာလို့
မျောပါပြီးယင်း မျောပါ........။
ဆန်တက်နေတာလား.....?
စုန်ဆင်းနေတာလား......?
ကိုယ့်ဘာသာကိုယ် ပြန်မေးမိ
အဖြေမရှိတဲ့အတွက်
ငါဟဲ့!! လို့အားခဲ
ကမ်းနားကို ကပ်မယ်ပြင်ပေမယ့်
ဝဲဂယက်တွေထဲက
ရုန်းမှ မထွက်နိုင်တာ....။ .....။
လင်းလွန်းသျှင်
အတိတ်ကျောက်ဆောင်တို့ကြွေ
လောကဓံလှိုင်းပွင့်တွေ လူးခတ်
ငါ ဘယ်လိုကူးဖြတ်ခဲ့ရလဲ??
သူရဲကောင်း ထင်မှာစိုးတာနဲ့
ပြောမပြခဲ့ဘူး...။
အရှင်းဆုံးပုံစံနဲ့ပြရရင်
ငါကျခဲ့တဲ့ချောက်
ကောင်းကင်ဘုံပျောက်ဆုံးခဲ့.....။
လုံးဝကိုပြန်မရတဲ့
စတေးခံ လွတ်လပ်ခြင်း
လကြတ်ယင်းနေကွယ်
အမှောင်တွေပဲနွယ်တုန်း.......။
အ၀ိစိမှာပွင့်တဲ့ပန်းက
နတ်နန်းတံခါးခေါက်ခွင့်ရဖို့
ကြမ္မာဝန်ထုပ်ထမ်းပြတာ
ဘ၀ဟာကျွဲပခုံးထလာခဲ့........။
ငါ့အနာဂတ်ကို
ကတ္တရာ မခင်းတော့ဘူး
ကိုယ်မှ မနင်းရတာ.......။
လင်းလွန်းသျှင်
လမ်းမှားကိုလျှောက်တိုင်း
ချောက်တွေ့ရမယ်လို့
ငါမယုံဘူး...။
သွားလေရာမှာမိုးရွာတိုင်း
ကံဆိုးတယ်လို့
မျက်ရည်ဝိုင်းရမှာလား....။
အလံဆိုတာ
ထောင်ပြီးတည်းက
လှဲဖို့မှ မဟုတ်ဘဲကွယ်....။
အနည်းဆုံးတော့
ရွက်ပုန်းသီးဘ၀က
လေးဂွရန်ကင်းတာပေါ့....။
လင်းလွန်းသျှင်
ပတ်လည်မှာမြူတွေဝိုင်း
တိမ်မျှင်တို့ ရစ်သိုင်းခြုံ
ကြယ်စင်တချို့ မှိုင်းမှုံလှတဲ့
ဆောင်းတညရဲ့ ကောက်ကြောင်း
အေးစက်စက် လောင်းရိပ်အောက်
သစ်ညိုပင်နောက် အမှောင်မှာ
ငါ တစ်ယောက်တည်း လွမ်းနေတယ်.............
တိမ်ကန့်လန့်ကာနောက်က လမင်း
မြက်ဖျားနှင်းကို ဆင်းသောက်ချိန်
အတိတ်အိမ်အိုရဲ့ အငွေ့အသက်
ကြယ်ကြွေတို့နဲ့အတူ လင်းလက်လို့
ဘ၀ရဲ့ တစ်ဝက်လောက်ထိ
ဝဲလှည့်မိတဲ့ အတွေးရိုင်းတွေ
ရပ်တည်ရာ ရှာမရသေး.............
ချစ်သူရဲ့မျက်နှာ
လမင်းမှာ မြင်ရနိုး
မျှော်ကိုးကာ ညစဉ်ဆက်
မပျက်မကွက် ကြည့်ငေးသူ
အလွမ်းပူ မိနေဆဲပါ.............
မြေပြင်နဲ့လ ထောင့်မှန်ကျနေ
လူခြေလည်းတိတ် နှင်းတွေအိပ်မှ
ကိုယ့်စိတ်ကိုယ် ရေခဲရိုက်
ရှိုက်သံတစ်စုံ ချန်လို့
ရှေ့ဆက်ဖို့ ငါပြန်လာခဲ့တယ်..........................
လင်းလွန်းသျှင်
မျှော်လင့်ချက်မပါ
အဖြူသာသက်သက်
အနက်ရှိုင်းဆုံး ချစ်မက်ခြင်း
ငါ့မြစ်တစ်စင်းထက်
မင်းအတွက် အချိန်တိုင်း
မိုး လေ လှိုင်း တို့ကင်း
ငြိမ်သက်ဆင်း ပျော်ရွှင်စေ..................
လင်းလွန်းသျှင်
ရင်ထဲက သစ်ခြောက်တစ်ပင်
ဘယ်သူမြင်နိုင်မလဲ ?
ခေါင်းမြီးခြုံထားတဲ့ နာကျင်မှုတွေ
မျက်နှာဖုံးစွပ်ထားတဲ့ ဝေဒနာတွေ
အစားထိုးမရတဲ့ ဆုံးရှုံးခြင်းတွေ
အလွမ်းတွေပဲ စီးဆင်းနေတဲ့ စိတ်ကူးယဉ်မြစ်တွေ
ဒါတွေဟာ.............
ကြည့်သူမရှိတဲ့ ပြတိုက်တစ်ခုပဲ။
တက်ဖို့ ကြိုးစားတိုင်း လျှောလျှောကျနေရလို့
မေ့ဖို့ ကြိုးစားတိုင်း တမ်းတမ်းတမိ။
နောက်ဆုတ်ခွင့် မရှိလို့ ဆက်လျှောက်နေရတာ
ရှေ့ကိုတိုးနေတယ်လို့ ထင်ကြသလား ???
အမြဲတမ်း....
ဟန်ဆောင်ပြုံးတွေ ပြုံးပြကြ
အဆိပ်သင့် လက်တွေနဲ့ ပွေ့ဖက်ကြ
ခေါင်းညိတ်ယင်း လက်ခါပြ
ရင်ထဲက ရှုတ်ချယင်း နှုတ်ဖျားးက ချီးမွမ်း
အမှန်တရားကို ကျောပိုးအိတ်ထဲထည့်
တစ်ယောက်နဲ့ တစ်ယောက် လှည့်ပတ်
အသက်မပါတဲ့ လူအရုပ်တွေ..........
မိတ်ဆွေ.....
အပင်ကြီးလည်း အသီးသေးတာ
အမြင်နီးလည်း ခရီးဝေးတာ
တခါတလေတော့ ဖြစ်တတ်ပါတယ်။
ဒါပေမယ့်
ကိုယ့်ကို ကိုယ် အရိပ်ပေးဖို့တောင်
မတတ်နိုင်တဲ့ အပင်ကိုတော့
ဘယ်သူက စိုက်ချင်မှာလဲ ???
မိုက်နေတဲ့ညတွေ
မလင်း လက်စနဲ့ မှောင်ပါစေလေ...
မြစ်ရေကို ပြောင်းပြန်စီးဖို့မှ မတတ်နိုင်ခဲ့တော့
အတွင်းကြေနေတဲ့ သစ်တစ်ပင်
ငါ့ ရင်ထဲမှာ ဖြစ်ထွန်းနေပြီ.........
ကြေကွဲခြင်း မြေသြဇာ
ဝေဒနာ ရေသောက်မြစ်နဲ့
အနှစ်မပါတဲ့ သစ်ပင်ရဲ့
အထီးကျန်တဲ့ ၀ိညာဉ်
စိမ်းလန်းချင်ဖို့ အခွင့်မရှိ.......တရိရိပေါ့။
ရင်ထဲက သစ်ခြောက်တစ်ပင်
ဘယ်သူမြင်နိုင်မလဲ ?????????????
လင်းလွန်းသျှင်
ဘ၀မှာ
ကဗျာလွတ်ကဖို့
လှလှပပ မွေးဖွားခဲ့တယ် ထင်တာ............
ဒါပေမယ့်
မာတိကာ ပါမလာတဲ့
သမိုင်းစာမျက်နှာတွေပဲမို့
ပင်လယ်သေထဲ မျှောပစ်ခဲ့တယ်..............
ဘ၀တလျှောက်လုံးမှာ
ပရမ်းပတာ ဖြစ်တည်ခဲ့တဲ့
ခရမ်းပြာ ရင်ခုန်သံလေးရဲ့
တရံတခါ မျှော်လင့်ခြင်းလည်း
လမင်းနဲ့ အလှမ်းကွာဆဲ..............
မတူးဖော်ပါနဲ့တော့ဗျာ
ရင်ထဲက နောက်ဆုံးလက်ကျန်
အမှန်တရားလေး
ထွက်ပြေးသွားမှာစိုးလို့...................
ဒီလိုနဲ့ပဲပေါ့
ခြေရာမထင်အောင် နင်းလှမ်းခဲ့တဲ့
လာခဲ့ရာလမ်းအတွက်
အတိတ်ကို ကော်ကပ်ပြီး
ပိတ်ပစ်လိုက်တယ်.........................
လင်းလွန်းသျှင်