AUGUST 27
 
ဆီပူအိုးမှ အဆယ်ခံရလို့
တငွေ့  ငွေ့  နဲ့ ရှိနေချေပြီ
နံနက်ခင်းက ငါ့ကို ချက်ချင်းပင်
လတ်ဆက်စေခဲ့
ငါ့ဘ၀က ဇကာတစ်ချပ်လောက်ပဲ
ကျယ်ဝန်းတယ်။

လောကဒဏ် ပိုးဆိုးပက်ဆက် ခံရဘူးတဲ့
မုဆိုးမအိုကြီးရဲ့  ကြမ်းတမ်းသော
လက်ဖြင့် ယူယခြင်းကို ငါခံနေရတယ်။

မကြာခင်မှာ ၃၂ ယောက်သော
လူဖြူကြီးများက ငါ့အား
ထိုးကြိတ်၍ ချောက်ထဲသို့
ကန်ချခြင်းကို ငါခံရတော့မယ်။
လွတ်အောင်မရုန်းနိုင်သော ငါ့ဘဝ
သူတို့ချည်းပဲ နှိပ်ဆက်နေတယ်။

မိနစ်ပိုင်းသာ ကြာရှည်ခံသော
ငါ့ရဲ့  ပျော်ရွှင်ခြင်း ကမ္ဘာကို
သူတို့ဖျက်ဆီးကြတော့မည်။

မလှမ်းမကမ်း လက်တစ်ကမ်းမှာ
ငါ့ကိုသိပ်လှတဲ့ မိန်းကလေးတစ်ယောက်
လက်ညှိုးထိုးပြနေပြီ သူရဲ့  ညင်သာလွန်းတဲ့
လက်နဲ့ငါ့ကို တို့ထိနေတယ်။

သူပြောလိုက်တာက . . . . .
“အန်တီ ဒီ ဗရာကြော်လေးကို ပြန်နွေးပေးပါ”
“တောက်” မင်းမို့လို့ လုပ်ရက်တယ်ကွာ . . .
ပူတယ်ကွ . . . . . . .။

MELODY

 
လနှစ်ချောင်းငင် လူတဲ့
ဟိုနား ဒီနား ပြုတ်ကျကျန်တဲ့
အတိတ်တွေနဲ့ လူလား !

ခဏခဏ ကောက်ကောက်ထည့်သွားရတဲ့
အနာဂတ်အတွက် လူလား
!

အိပ်မက်အသီးတွေကို ခူးဆွတ်စားသုံးဖို့
ပစ္စုပ္ပန်သစ်ပင်ကို စိုက်ချင်တဲ့ လူလား
!

ဒါမှမဟုတ် . . . . .
လု ဖို့အတွက်
(နေရာ တော်တော်များများကို ပြောတာပါ)
လူဖြစ်ချင်တဲ့
လူးတစ်ကောင်လား။

မင်းမင်း
 
တံလျှပ်မှန်းသိတာတောင် ငါပြေးသွားခဲ့တယ်
ရေ အတွက်တော့ မဟုတ်ဘူး

ကြိုးကွင်းမှန်းသိလျက်နဲ့လည်း  ခြေတဖက်နင်းခဲ့တယ်
ဒုက္ခကို ခင်လို့တော့ မဟုတ်ဘူး

မနိုင်တော့မှန်းသိတာတောင် ငါ ထမ်းထားခဲ့တယ်
သူရဲကောင်းဆန်ချင်လို့တော့ မဟုတ်ဘူ
မလင်းလက်နိုင်မှန်းသိလျက်နဲ့လည်း  ငါပွတ်တိုက်ခဲ့တယ်
အလှ မက်လို့တော့ မဟုတ်ဘူး

လန့်နိုးမယ်မှန်းသိတာတောင် ငါအိပ်မက်ခဲ့တယ်
ခဏအပျော် အတွက်တော့ မဟုတ်ဘူး

နှစ်သိမ့်မှုမှန်း သိလျက်နဲ့လည်း ငါကျေနပ်ခဲ့တယ်
ရမ္မက် အတွက်တော့ မဟုတ်ဘူး

ဒရက်ကူလာ မှန်းသိတာတောင် ငါလည်ချင်းဖက်ခဲ့တယ်
အသက်အပိုပါ လို့တော့ မဟုတ်ဘူး

ရနံ့ပြယ်မှန်း သိလျက်နဲလည်း ခူးယူထားခဲ့တယ်
လမ်းသင့်လို့တော့ မဟုတ်ဘူး

အဆုံးမရှိမှန်း သိတာတောင် ငါဆက်လျှောက်ခဲ့တယ်
ရှေ့ရောက်ချင်လို့တော့ မဟုတ်ဘူး

သုညမှာဆုံးမယ်မှန်း သိလျက်နဲ့လည်း ကိန်းတွေဆက်ရေးခဲ့တယ်
သင်္ချာအတွက်တော့ မဟုတ်ဘူး

ကိုယ်တိုင်ပဲသိတဲ့ နားလည်ခြင်းအတွက်
အရင်းများလွန်းတဲ့ ပေးဆပ်မှုတွေ
ငါ့ရင်ဘတ်ကို ခြေစုံကန်လေမှ
အတိတ် နဲ့ အနာဂတ် ကို ပေါင်းစပ်ပြီး
ငါ...... ဘာသာပြန်ကြည့်မယ်။   ။

လင်းလွန်းသျှင်
 
ဘ၀ရေ......
အလိုက်သိတတ်ခြင်းပညာနဲ့
လူယောင်ဖန်ဆင်းပြရင်
မင်းသားဘ၀ ချက်ချင်းဖြစ်ရောလား...။
ငါ့အတွက်တော့
ရင်ထဲမှာ နေဆယ်စင်းထွန်းလင်းနေပေမယ့်
မျက်နှာက လမင်းတရာ သာပြနေရတယ်
ကိုယ့်အဖြစ်နဲ့ နှိုင်းစာမိရင်းမှ
ပုဂံရောက် မနူဟာမင်းကို
ကိုယ်ချင်းစာမိတယ်....။

ဘ၀ရေ...
ပွဲသိမ်းအနိုင်ဂိုးသွင်းပြီးကာမှ
စည်းကြပ်ဒိုင်က အလံထောင်ပြ
လူကျွံဘော အဖြစ်နဲ့
ပြုံးမရ  ငိုမရ....။

ဘ၀ရေ....
ထီပေါက်ပြီး လက်မှတ်ပျောက်ခဲ့
အ အ မက်တဲ့ အိပ်မက်
ကံကြမ္မာရဲ့  လှလှပပ ရိုက်ချက်
ရှိုက်သံကို ရင်ဘတ်ထဲ မျိုချ.....။
ငါ့အတွက်တော့
တောင်ထိပ်က သိပ်မက်မောတဲ့ အရိပ်
စိတ်ကူးနဲ့ လက်တွေ့ခရီး
တခြမ်းပဲ ချိုတဲ့ သံပုရာသီးလို
မနီးစပ်နိုင်သေး......။

ဘ၀ရေ
အကြောင်းကြောင်းတွေကြောင့်
အကျိုးကျိုးတွေ ဖြစ်တယ်ဆိုရင်
အဖိုး ကြီးကြီးပေးဆပ်ခဲ့တဲ့
ငါ့အပြစ်ပေါ့.....။
ငါ့အတွက်တော့
ဂူအောင်းနေတဲ့ကျားလည်း မြားမှန်ခံရတတ်တယ်
လက်တွေ့  နယ်ပယ်က သင်ခန်းစာနဲ့
မဲ့ပြုံး စကားလုံးများစွာကို
ဥပေက္ခာ တရား ထားလိုက်တယ်....။

ဘ၀ရေ...
နားလည်မှုဆိုတဲ့အရာဟာ
ဘာသာပြန်မှားနေသရွေ့
ကွေ့ရှောင်မရတဲ့လမ်း
ကြမ်းတမ်း နေမှာပဲလား . . . ?

လင်းလွန်းသျှင်
 
ချစ်သူရေ.....
မင်းအလိုရှိရင်
ငရဲကို ပန်းခင်းအဖြစ်ပြောင်းနှင့်ဖို့
ငါ အမြဲ အသင့်ရှိနေတယ်.....။

ဒါပေမယ့်
ငါ့ကျားလျှာလက်ထဲမှာ
ဝါဂွမ်းပွင့် ဘ၀လေး
ကြေပျက်လွင့် နိုးနိုးနဲ့
အရိပ်ပဲ မိုးပေးခဲ့တာ....။

အနမ်းတရှိုက်ကို
မိုက်မိုက်မဲမဲ ဆာလောင်
သွေးယောင်ဆောင် နှုတ်ခမ်း
ငါ့ အတိတ်ရဲ့  ကြမ်းတမ်းခြင်းအောက်
လင်း...မှိုင်း...စွာ  နစ်ပျောက်ခဲ့......။

အနောက်က နေ ထွက်တာမဟုတ်ဘူး
ဘ၀မှာ အနောက် အရပ်တမျိုးပဲ
တန်ဖိုးမဲ့ တိုက်ဆိုင်နေတာ
သံလိုက်တွေလည်း မှားကောင်းဆဲ
သုံးချက်ညီစွာ လမ်းခွဲလို့
အသည်းကို ရထားကြိတ်ခံခဲ့တယ် ။    ။

လင်းလွန်းသျှင်
 
ငါ့ဘ၀ရဲ့  ကြယ်ရံလတစ်စင်း
ဂရင်းနစ်မျဉ်းပေါ် ကြွေကျချိန်
အီကွေတာပေါ်က နှလုံးသား
မိုးခေါင်တာတောင် ရေရှားခဲ့ပေါ့ ........။

တကယ်တော့
နတ်ဘုံက ချစ်သူကို
သာမန်ထက်မပိုတဲ့ လက်နဲ့
အသက်ဆက်ပေးဖို့ ကြိုးစားတာ
ကမ္ဘာတွင်မယ့် အမှားတရပ်ပဲလား .........

တခုပဲတောင်းပန်ချင်တယ်
ငါ့ဝင်ရိုးပေါ်က ပြုတ်ကျခဲ့ရင်တောင်
မင်းရဲ့ ဆွဲငင်အားတွေကို
ရုပ်သိမ်းထားဖို့ပါ
အမှားနှစ်ခါ ပြုလို့
အမှန်တစ်ခု မရဘူးလေ ....... ။       ။

လင်းလွန်းသျှင်
 
ငါ ဗျည်းသရတွေကိုငေးကြည့်တော့
တောင်တန်းကြီးက အရမ်းလှတာပဲ
လေတွေကလည်း သန့်ရှင်းလို့
မြစ်ချောင်းတွေကတော့ နက်နက်ရှိုင်းရှိုင်း စီးဆင်းနေလိုက်တာ
သူတို့ အတွက်တော့ အရာအားလုံးဟာ တပ်မက်ဖွယ်တစ်ခုပေါ့
ပြီးတော့ . . . . .
အရာအားလုံးဟာ အပြစ်ပြောစရာမရှိဘူး
မြက်တွေကလည်း စိမ်းလန်းလို့
ထူးခြားဆန်းပြားတဲ့ ငှက်တွေကလည်း တ၀ီဝီပြန်သန်း
ဘ၀တွေကို မသိကျိုးကျွန်ပြုလို့ပေါ့
အရာအားလုံးက ပျော်ရွှင်စွာနဲ့
တချို့ . . . . . အရာတွေကတော့ ပူလောင်လို့ပေါ့
တချို့ က . . . .
သဘာဝက ရှုခင်းတွေကိုလည်း
ခမ်းခမ်းနားနား ကာထားတယ်
ပုံမှန်ကတော့ ဘာမှမရှိပါဘူး
တချို့ကတော့ အတိုင်းအဆမရှိ တန်ဖိုးကြီးမားလို့
တချို့ကတော့ ငြိမ်းချမ်းရေးအတွက်ပေါ့
တစ်ယောက်တည်းနဲ့တော့ ရန်ဖြစ်လို့မရဘူးလေ
ဒါဟာ ဘ၀အမှန်ပေါ့
ကမ္ဘာမြေနဲ့ သတ္တ၀ါတွေက ပြောတယ်
အရာအားလုံးက မြေပြင်လိုပဲ ပြိုင်ဘက်ကင်းကြပါတယ်။
ကောင်းကင်းပြာဟာ အပျိုစင်ပေါ့
လောလောဆယ် . . .
မြေပြင်အသက်ရှင်ဘို့ ရေတွေပေးနေရတယ် ။

မင်းမင်း
 
နံနက်တုန်းက
ငါပင်လယ်ထဲ ကွန်ပစ်ချလိုက်တယ်။
ပြီးတော့ . . .
အမှောင်ချောက်ထဲက
အထူးအဆန်း အသွင်အမျိုးမျိုးနဲ့
အဆန်းတကြယ် အလှအပတွေကို
စွဲ . . . . . တင် . . . . . ခဲ့

တချို့ က . . .
အပြုံးကလေးလို တောက်တောက်ပပ
တချို့ က . . .
မျက်ရည်စက်ကလေးလို ရွှန်းရွှန်းလဲ့လဲ့
တချို့ က . . .
သတို့သမီးပါးပြင်လို ရှက်သွေးဖြာလို့
နေရဲ့ ၀န်ထုပါနဲ့ အတူ
(ငါ) အိမ်ပြန်လာတယ်။

(ငါ့) ချစ်သူဟာ
ဥယျာဉ်ထဲမှာ ထိုင်လို့
ပျင်းပျင်းရိရိနဲ့
ပန်းကလေးတွေ ချေမွလို့နေတယ်။
ပြီးတော့ ရလာသမျှ သူ့ခြေရင်းမှာ ထားလိုက်တယ်
သူက တစ်ချက်ကြည့်ပြီး
“ဘယ်လိုဟာတွေလဲကွယ်၊ ဒါတွေ ဘာလုပ်ရမှာလဲ”

ရှက်ရွန့်စွာနဲ့ ခေါင်းငိုက်စိုက်ချရင်း
စဉ်းစားမိတယ်။
ဒါတွေကို ငါတိုက်ခိုက်ပြီး ယူလာတာ မဟုတ်ဘူး
ဈေးက ၀ယ်လာတာ မဟုတ်ဘူး
ဒီလက်ဆောင်တွေဟာ သူ့အတွက် မသင့်တော်ပါလား . . . .။

တညလုံးပါပဲ
တခုပြီး တခု
လမ်းမပေါ် လွှင့်ပစ်နေခဲ့တယ်။

နံနက်ခင်းမှာ
ခရီးသွားတွေ လာကြတယ်
ငါ လွှင့်ပစ်ထားတာတွေ ကောက်ယူပြီး
အဝေးက တိုင်းပြည်တွေဆီ
သယ်ဆောင်သွားကြတယ်။


မင်းမင်း
၂၆-၀၉-Y2K
၀၀း၃၄
 
ဟမ်ဘာဂါကို စားရင်း
ပတ်ဝန်းကျင်၊ ဓမ္မနှင့် မိမိကိုယ်တိုင်
သစ်ခွပင်များကြား ထိုင်ပြီး
မြသန်းတင့်ရဲ့ CD-ROM ကို
လွန်းကျင်းများရဲ့ သီအိုရီ အပိုင်းအစထဲထည့်
ရေဒီယိုနဲ့ မိုးတိမ်များအကြောင်း
သစ်ခွဖျော်ရည် တစ်ခွက်သောက်ရင်း
အိမ်ကလေးရဲ့ အကြောင်း စဉ်းစား
အိမ်ကလေး(၂) မှာ
ဆံပင်ညှပ်ခြင်းရဲ့ အကြောင်းကို
မေ့ခြင်းသစ်ပင်များနဲ့ အစားထိုး
အင်ပရယ်ရှင်နစ်ဇင် အိပ်မက်ရဲ့ အပိုင်းအစအဖြစ်
မြောက်ဘက်မြင်းများနဲ့
မနက်ဖြန်၏ မနက်ခင်းများအကြောင်းကို
အေးစက်စက် ကုမ်ရာသီ တစ်ခွက်သောက်ရင်း
ဥာဏ်ရည်ကိန်းလျော့ ကြွက်တစ်ကောင်က
ရှပ်ဒိုးများနဲ့ တိတ်ဆိတ်လှည်းများကို ကိုက်ဖောက်
ရန္တပိုအိုးကလေး အေးပါဘိနဲ့
ဟိမ၀န္တာ တမ်းချင်းကို ဖတ်ရင်း
အသေရဲသူများကြောင့်
ပိတောက်ပွင့်တဲ့ ရာသီတစ်ဝက်လုံးလုံး
ရွှေမန္တလေး . . . ဝေးဝေး ၊ သင်္ကြန် ဝေးဝေးနဲ့
ဆောင်းခိုငှက်၊ ဆောင်းပွင့်နှင့်
စကားဝါပင်အောက်က တစ္ဆေတွေဖြစ်လို့ပေါ့။

မင်းမင်း

“အိုင်ဒီယာအက်ဆေးများ (နေ၀င်းမြင့်) ၏ မာတိကာကို ပြန်ရေးသည်။”
 
အေဒီ ၃၁၀၈  လူသားတို့သတ်မှတ်တဲ့
ထောင်စုသစ်ရဲ့   သက္ကရာဇ် တစ်ခုပေါ့...။
     အဲဒိနှစ်တို့မှာ မီးရောင်နဲ့ မလင်းဘူး
                  ချစ်ခြင်းတရားနဲ့ ထွန်းပလိမ့်မယ်။
အဲဒိနှစ်တို့မှာ နေ ဆိုတာမရှိဘူး
                  နေ့ရောညပါ လ ပဲသာလိမ့်မယ်။
အဲဒိနှစ်တို့မှာ  ချစ်သူတိုင်းပေါင်းဆုံနိုင်ကြမြဲမို့
                  အသည်းကွဲခြင်းဟာ
                  ကျောင်းသင်ခန်းစာ ဖြစ်လိမ့်မယ်။
အဲဒိနှစ်တို့မှာ  ဝေးကွာခြင်းဆိုတာ မကြုံရဘူး
                  စကြ၀ဠာတံတိုင်း  ဟိုဘက်ထိ
                  အိပ်မက်တို့ ထုတ်လွှင့်နိုင်မယ်။
   အဲဒိနှစ်တို့မှာ  သစ္စာကို ရင်မှာမြှုပ်နှံကြလို့
                   အလွမ်းဆိုတာ ငွေနဲ့ ဖန်တီးယူရလိမ့်မယ်။
   အဲဒိနှစ်တို့မှာ ဒုက္ခကို လှလှပပ သဂြိုင်္ဟ်လိုက်ကြပြီး
                  သောကကို အဝေးဆုံးတနေရာ ပို့ထားနိုင်မယ်။
အဲဒိနှစ်တို့မှာ  ပြက္ခဒိန် မရှိဘူး...
                 နာရီ မရှိဘူး....။
                 ညူးကလိယား မရှိဘူး...
                 တိုက်တေနီယမ် မရှိဘူး...။
                 နေတိုး မရှိဘူး...
                 ကုလသမဂ္ဂ မရှိဘူး...။
                 နိုက်ကလပ် မရှိဘူး...
                 သုဿာန် မရှိဘူး...။
အဲဒိနှစ်တို့မှာ  အရာအားလုံးဟာ မေတ္တာနဲ့ပြည့်စုံလို့                    လူတို့ဟာ ထာဝရ အသက်ရှည်ကြမယ်...။

ဒါပေမယ့်.....
ဒီအဖြစ်တွေဟာ
အဲဒိနှစ်တို့မှာ ပေါ်ပေါက်လာတာဟာ
ကမ္ဘာဂြိုဟ်မှာတော့ မဟုတ်ဘူး..။..။

လင်းလွန်းသျှင်

ကဗျာလေးတွေပါ။